Scholars for Myanmar - မြန်မာအတွက် တတ်သိပညာရှင်များ

မြန်မာ့အရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော ကမ္ဘာတဝှမ်းမှ ပညာရှင်များ ၊ လေ့လာသုံးသပ်သူများမှ ဤစာကို ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ ယခုအချိန်သည်ကမ္ဘာ့နိုင်ငံအသီးသီး၏ အစိုးရများအနေဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ထိရောက်စွာ ပံ့ပိုးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် ထောက်ခံအသိအမှတ်ပြုရန်အချိန်ကျရောက်လာပြီဟု ယုံကြည်သောကြောင့်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၊ ၂၀၂၁ တွင် မြန်မာစစ်တပ် (တပ်မတော်) သည် ယင်းတို့ကိုယ်တိုင်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူရန် ကြံစည်ခဲ့သည်။ ဤတရားမဝင်လုပ်ရပ်ကို ကာကွယ်ရန်အတွက် ပြည်သူလူထုအား ခြိမ်းခြောက်အကြမ်းဖက်ရန် ကြိုးစားခဲ့သော်လည်း ယနေ့အချိန်အထိ တိုင်းပြည်အချုပ်အခြာအာဏာကို ထိရောက်စွာ ချုပ်ကိုင်နိုင်စွမ်းမရှိသေးပါ။ ပြည်သူလူထု၏ တခဲနက်ဆန့်ကျင်မှုကြောင့် တပ်မတော်သည် ရပ်ရွာအုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး အပါအဝင် မည်သည့်ကဏ္ဍကိုမှ မချုပ်ကိုင်နိုင်သည့်အပြင် နယ်စပ်ဒေသများ၌ပါ ဩဇာအာဏာသက်ရောက်မှုကို စွန့်လွှတ်ခဲ့ရပြီးဖြစ်ပါသည်။ ထို့ကြောင့် အာဏာသိမ်းမှုသည် ကျဆုံးရှုံးနိမ့်ခဲ့ပြီးသားပင် ဖြစ်ပေတော့သည်။

တချိန်တည်းမှာပင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်အမတ်များက "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ" (CRPH) ကိုတည်ထောင်နိုင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် လေ့လာသုံးသပ်သူများနှင့် တကမ္ဘာလုံးကပါ လက်ခံအတည်ပြုထားသော ရွေးကောက်ပွဲဖြစ်ပါသည်။ CRPH သည် အာဏာဖီဆန်ရေးလှုပ်ရှားမှုသပိတ်အဖွဲ့များ၊ သမဂ္ဂများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါဝင်သော ကြီးမားလှသည့် မဟာမိတ်ညွန့်ပေါင်းစုကြီးနှင့် ချိတ်ဆက်လျှက် ဆယ်စုနှစ်ပေါင်းများစွာအတွင်း တစ်ခါမျှမပေါ်ပေါက်ဖူးခဲ့သည့် သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သည်။ ဧပြီလ ၁၆ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အခြေခံထားသည့် အမျိုးသားညီညွတ်ရေးအစိုးရကို ထူထောင်ခဲ့သည်။ သို့ဖြစ်ပါသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၀ရွေးကောက်ပွဲရလဒ်အရတင်သာမက နိုင်ငံတဝှမ်ရှိ အမျိုးစုံသောအစုအဖွဲ့တို့၏ ထောက်ခံမှုပါရရှိထားပြီးဖြစ်သည်။ ထိုမျှမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပါဝင်မှုလည်းရှိသောကြောင့် လွတ်လပ်စွာအုပ်ချုပ်သည့်နေရာဒေသများတွင်လည်း အတည်ပြုထောက်ခံမှုရရှိထားပြီးလည်း ဖြစ်ပါသည်။

သမိုင်းတလျှောက်တွင် လူမျိုး၊ ဘာသာ၊ နိုင်ငံရေးအယူဝါဒပေါ်မူတည်ပြီး အကွဲအပြဲများသာ ပြည့်နှက်နေခဲ့သည့် မြန်မာနိုင်ငံအတွက် ထိုသွေးစည်းညီညွတ်မှုသည် အံ့မခန်းဖွယ်ရာပင်ဖြစ်လေတော့သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာများအပါအဝင် ပို၍စုံလင်သောအစုအဖွဲ့များ ပါဝင်လာနိုင်စေရန် ပိုမိုစွမ်းဆောင်ရန်လိုအပ်ချက်များ ရှိနေသေးသော်လည်း၊ ယခုလက်ရှိသွေးစည်းညီညွတ်နေမှုသည် နှစ်ပေါင်း၇၀ကျော် တောက်လောင်နေသော ပြည်တွင်းစစ်မီးကို အဆုံးသတ်နိုင်စေရုံမက စစ်တပ်၏ မြန်မာနိုင်ငံအပေါ် ထိန်းချုပ်ခြယ်လှယ်နေမှုကိုပါ အဆုံးသတ်စေမည့်မကြုံစဖူးမဟာအခွင့်အလမ်းကြီးကို မိမိတို့အနေဖြင့် လက်မလွှတ်သင့်ပါ။ အားလုံးအတူတကွပါဝင်နိုင်မှုနှင့် ဖယ်ဒရယ်ဝါဒတို့ပေါ်ထွန်းလာမည့် ဤအခြေအနေသည် တကမ္ဘာလုံး၏ ထောက်ပံ့မှုကို ရရှိသင့်ပါသည်။

ပို၍ခက်ခဲကြမ်းတမ်းမည့် ခရီးဖြစ်သည်မှာမှန်သော်လည်း ယခုမျက်မှောက်အခြေအနေအရ ဖြစ်နိုင်ဖွယ်ရာမှာလည်း ထိုတစ်နည်းသာရှိပါသည်။ ညှိနှိုင်းရေးလမ်းစဉ်များ၊ အရင်အခြေအနေကိုပြန်ရောက်ရန်ကြိုးပမ်းသည့် "လျော့ပေါ့ပေးရေး" လမ်းကြောင်းများသည် အခြေအမြစ်မရှိရုံသာမကဘဲ မြန်မာပြည်သူလူထု၏ အလိုဆန္ဒနှင့်ပင်ဆန့်ကျင်လျှက်ရှိပါသည်။ ထိုလိုအင်ဆန္ဒကိုလည်း ဒီမိုကရေစီကိုတခဲနက်တောင်းဆိုနေသည့် မြန်မာပြည်သူလူထုလှုပ်ရှားမှုက သက်သေပြနေပါသည်။ တပ်မတော်သည် သူတို့ကာကွယ်ပေးရမည့်ပြည်သူပြည်သားများကို သတ်ဖြတ်ပြီး အခြေအနေတင်းမာမှုကိုလျော့စေရန် မည်သည့်အားထုတ်မှုကိုမျှပင်လုပ်ဆောင်နေခြင်းမရှိသည်ကပင် သူတို့ပြောဆိုလေ့ရှိသည့် "စည်းကမ်းပြည့်ဝသောဒီမိုကရေစီလမ်းပြမြေပုံ" အပေါ်ယုံကြည်သက်ဝင်စေနိုင်မှုကို ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ ညှိနှိုင်းတွေ့ဆုံမှု ဆိုသည်မှာလည်း ကုလသမဂ္ဂနှင့်ဒေသတွင်းနိုင်ငံများကသာ ကြိုးစားသင့်သည့်အရာများဖြစ်ပြီး အနောက်နိုင်ငံများအနေဖြင့် မည်သို့မျှမတတ်နိုင်ပါ။

ဒီမိုကရေစီနိုင်ငံများအနေဖြင့် ဒီမိုကရေစီကိုတောင်းဆိုနေသည့် မြန်မာပြည်သူလူထုဖြင့်အတူ အတိအလင်းရပ်တည်ပေးခြင်းသာ ဖြစ်သင့်ပေသည်။ အာဏာရှင်ကိုအရေးယူဒဏ်ခတ်မှုသက်သက်ဆောင်ရွက်ရုံသာမက ဒီမိုကရေစီအင်အားစုများကိုလည်း တက်ကြွစွာအားပေးကူညီမှုပြုရပါမည်။ ထိုကဲ့သို့လုပ်ဆောင်ရန်အကောင်းဆုံးနည်းလမ်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်းကို အတိအလင်းကြေညာခြင်းနှင့် ဤအစိုးရကို ထောက်ပံ့ကူညီခြင်းပင်ဖြစ်ပါသည်။ နိုင်ငံအများစုသည် စစ်အာဏာသိမ်းမှုကို ရှုံ့ချကန့်ကွက်ပြီး "ဒီမိုကရေစီပြန်လည်ထူထောင်ရေး"ကို တောင်းဆိုထားပြီးဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုခြင်းသည် သင့်လျော်ပြီး အကျိုးအကြောင်းအားလျော်သော လုပ်ဆောင်ချက်နောက်တစ်ဆင့်လည်း ဖြစ်ပေသည်။

"နိုင်ငံကိုသာအသိအမှတ်ပြုနိုင်ပြီး အစိုးရအားအသိအမှတ်မပြုနိုင်"ဆိုသည့်ရပ်တည်ချက်သည် အလွတ်ကျက်နှုတ်တိုက်အာဂုံဆောင်ထားသည့် အကြောင်းပြချက်တစ်ခုဖြစ်မနေသင့်ပါ။ အချုပ်အခြာအာဏာအရေးအငြင်းပွားလေ့ရှိသည့် အခြားနိုင်ငံများအရေးတွင်လည်း အနောက်အုပ်စုအနေဖြင့် မိမိတို့အသိအမှတ်ပြုသည့်အစိုးရသည် မည်သူဖြစ်ကြောင်းကြေညာသည့် သာဓကများရှိခဲ့ပြီးဖြစ်ပါသည်။ လန်ဒန်ရှိမြန်မာသံရုံးတွင် ဖြစ်ပေါ်ခဲ့သည့်အကြပ်အတည်းကိုကြည့်လျှင် နောင်တွင်လည်း မိမိတို့အနေဖြင့် တပ်မတော်၏တရားမဝင်ခန့်အပ်နေရာယူထားသည့် "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ" ကိုသွယ်ဝိုက်စွာအသိအမှတ်ပြုမည်လော တရားဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ကိုအသိအမှတ်ပြုမည်လော ဆိုသည်မှာမဖြစ်မနေပေါ်ပေါက်လာတော့မည့် အခြေအနေဖြစ်ကြောင်းသိနိုင်ပါသည်။

အချိန်ဆွဲမနေသင့်တော့ပါ။ ယနေ့အချိန်အထိ ကလေးသူငယ် (၇၈၅) ဦးအပါအဝင် အပြစ်မဲ့ပြည်သူပေါင်း (၅၀) ကျေ သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်။ လက်နက်အပြည့်အစုံတပ်ဆင်ထားကာ အထိန်းအကွပ်မဲ့ရမ်းကားနေသည့် ဒုစရိုက်အဖွဲ့သည် ပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်တို့အား ခြိမ်းခြောက်နေပါသည်။ နယ်စပ်ဒေသများ၌လည်း နှစ်၇၀ကျော်စစ်မီးများ အရှိန်ပြင်းစွာ ပြန်လည်တောက်လောင်လာနေပြီး လေတပ်မှဗုံးကြဲပစ်ခတ်မှုကြောင့် ပြည်သူများသည် အိန္ဒိယနှင့်ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပါသည်။ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ဒုစရိုက်မှုကျူးလွန်သည့် စစ်အာဏာရှင်၏ရက်စက်စွာ၊ ညံ့ဖျင်းစွာအုပ်စိုးမှုအောက် နောက်ထပ်ဆယ်စုနှစ်များစွာပြန်လည်သက်ဆင်း‌မည်လား။ သို့မဟုတ် နိုင်ငံရေးတွင်စစ်တပ်၏ ခြယ်လှယ်မှုကို အပြီးထိတိုင် အမြစ်ဖြတ်ပြီး ဒီမိုကရေစီနည်းလမ်းဖြင့် နိုင်ငံအတွက် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နိုင်စေရန် အခွင့်အလမ်းကို မြန်မာပြည်သူများအား ပေးအပ်မည်လား။ ထိုမေးခွန်းကို လာမည့်လများအတွင်း ဖြစ်ပေါ်မည့် အခြေအနေများက အဖြေပေးပါလိမ့်မည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိစ္စများကို မိမိတို့နိုင်ငံခြားရေးမူဝါဒများတွင်ရှေ့တန်းတင်သည့် နိုင်ငံများအနေဖြင့် ထိုကြီးမားလှသည့်တာဝန်ကြီးကို အကူအညီပေးနိုင်ရုံတင်မကဘဲ ပေးကိုပေးရပါမည်။ ယင်းလုပ်ရပ်ကြောင့်လည်း ဒေသတွင်းဒီမိုကရေစီဖော်ဆောင်ရေးကိုလည်း ကြီးစွာအကျိုးပြုသောသက်ရောက်မှုဖြစ်ပေါ်စေပါလိမ့်မည်။ မြန်မာပြည်သူများကလည်း အရေးတော်ပုံတွင် မည်သူကပြည်သူများဘက်ပါဝင်ပေးခဲ့သည်ဆိုသည်ကို အစဉ်အမြဲအမှတ်ရနေမည်ဖြစ်ပါသည်။